မော်လမြိုင် မတ် ၆
မော်လမြိုင်မြို့ မေတ္တာစွမ်းရည် ဒေါ်လန်းသီလရှင်တိုက် ဒေါ်ကရုဏာဝတီ Ph.D (Thesis)က ဦးဆောင်၍ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် ဆောက်လုပ်လှူဒါန်းသော (၂၁)ခု တင်ဆံ့ သီလရှင်ဆေးကုသဆောင်ကို ယမန်နေ့နံနက်(၈)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့ဆေးရုံကြီးအတွက် ဆောက်လုပ်လှူဒါန်းသော (၂၁)ခုတင်ဆံ့ သီလရှင်ဆေးကုသဆောင်အား မွန်ပြည်နယ် အစိုးရ အဖွဲ့၀င် လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင် ဒေါ်လန်း သီလရှင်တိုက် ဒေါ်ကရုဏာဝတီ Ph.D(Thesis)နှင့် အလှူရှင်တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးကုသဆောင်အတွင်းသို့ လှည့်လည်ကြည့်ရှုကာ အဆောက်အဦ စဉ်ဆက်မပြတ် သန့်ရှင်းကောင်းမွန်စေရေး၊ ပရိဘောဂနှင့် မှတ်တမ်းများ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဆေးကုသရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ဆေးကုသဆောင်အတွက် လှူဒါန်းသည့်သီလရှင် ဆေးကုသဆောင်နှင့်ပတ်သက်သည့် တည်ဆောက်ရေးမှတ်တမ်းနှင့် ပရိဘောဂ စာရင်းများကို သီလရှင် ဒေါ်ကရုဏာဝတီ Ph.D(Thesis)က ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက လက်ခံရယူခဲ့ပြီး ဒေါ်ကရုဏာဝတီ Ph.D(Thesis)မှ မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ သည်။
အဆိုပါ(၂၁)ခုတင်ဆံ့ သီလရှင်ဆေးကုသဆောင်ကိုမေတ္တာစွမ်းရည် ဒေါ်လန်းသီလရှင်တိုက် ဒေါ်ကရုဏာဝတီ Ph.D(Thesis)က ဦးဆောင်၍ အလှူရှင်(၁၄၈)ဦးတို့က စုပေါင်း အလှူငွေသိန်းပေါင်း(၁၁၆,၈၅၀,၀၀၀/)အကုန်အကျခံဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်