ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက်စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ်ကြီး   မတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏(၇၅)နှစ်မြောက် စိန်ရတုဗုဒ္ဓပူဇနိဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၈) နာရီက ရွှေစာရံဘုရားကြီး မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ၀န်ကြီးဦးစိုင်းနွမ်၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ ရွှေစာရံဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မင်းတို့က ဖဲကြိုးဖွင့်လှစ်ပေးခဲ့ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် စိန်ရတုအထိမ်းအမှတ် လမ်းသစ်ဖွင့်လှစ်ခြင်း၊ အထိမ်းအမှတ် သစ်ပင်များစိုက်ပျိုးခြင်းနှင့် ဒုဌဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ရွှေစာရံဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်းများ ဆောင်ရွက်ကာ ဗုဒ္ဓသန္တကဗိမာန်တော်ကြီးတွင် ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းကပ် လှူဒါန်းကြသည်။

အဆိုပါဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် (၉)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်းအသံမစဲ ပဌာန်းရွတ်ဖတ်ခြင်း၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ငါးလွှတ်ခြင်း၊ ပင့်သံဃာတော် အရှင်သူမြတ်တို့အား စာရေးတန်မဲလောင်းလှူခြင်းတို့အပြင် ရိုးရာခြင်းလုံးအလှခတ်ပွဲများ၊ ရိုးရာယဥ်ကျေးမှုကပွဲများ၊ မြို့မတီးဝိုင်းဖျော်ဖြေမှု၊ အငြိမ့်သဘင်များ၊ စတုဒိသာကျွေးမွေးခြင်းနှင့် တရားပွဲများ ထည့်သွင်းကာ ကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်