နေပြည်တော် မတ် ၆
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်ကကလေးများအား ခေါင်းပုံဖြတ်ခြင်းနှင့် အန္တရာယ်ဖြစ်စေမည့် မည်သည့်ကိစ္စမဆို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ကလေးအလုပ်သမားဖြစ်စေသည့် အခြေခံအကြောင်းရင်းများဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့၏ အခွင့်အရေးများကို ကျယ်ပြန့်စွာသိရှိစေရန်ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူခွင့်နှင့် ကျောင်းပြင်ပပညာရေးများ သင်ယူခွင့်ရရှိစေရေးဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများသိရှိစေရန် အသိပညာဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ကော်မတီအဆင့်ဆင့်မှဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲရည်မွန်က နေပြည်တော်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ (၈)ရပ်တို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေမျာကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)