ကျောက်မဲမြို့တွင် သီးနှံအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ မတ် ၆

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးမြင့်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ကျောက်မဲမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ကျောက်မဲမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က သင်တန်းသား/သူများအား သင်တန်းကျောင်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းတွင် ယိုအမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး၊ ခရမ်းချဉ်သီးဆောစ့်နှင့် ဂျယ်လီပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် (၇)ရက်ကြာ အခမဲ့သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ‌ဒေသခံပြည်သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)