ဖယ်ခုံ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများကို ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကျေးရွာ ၂၀ တွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများကို စုစုပေါင်းရန်ပုံငွေကျပ် ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် တင်ဒါရရှိသော ကုမ္ပဏီ ၁၁ ခုက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၂၀ ရှိ လူဦးရေရှစ်ထောင်ကျော်အတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် အင်ဂျင်နီယာများ၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများက ကျေးရွာရေပေးရေး လုပ်ငန်းကော်မတီများနှင့် ကျေးရွာ ၂၀ ရှိ ဒေသခံပြည်သူများမှ စနစ်တကျထိန်းသိမ်းသွားကြရန် စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)