ပြင်ဦးလွင်မြို့ ဇိနမာရ်အောင် လွတ်လပ်ရေးအောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား) တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပြင်ဦးလွင် မတ် ၆

ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)တွင် တည်ထားကိုးကွယ်တော်မူသော ဇိနမာရ်အောင် လွတ်လပ်ရေးအောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား)တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တပေါင်းလပြည့်နေ့ ယမန်နေ့ နေ့လယ် ၂ နာရီခွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ကြီး ၇၅ တိုက်မှ ပင့်သံဃာဆရာတော်၊ အရှင်သူမြတ် (၁၀၈)ပါးတို့ ကြွရောက်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း ဒါဒဗ္ဗဝတ္ထုအစုစုတို့ကို ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်နယ်မိသားစုများ၊ တာဝန်ရှိသူများ၊ စေတနာရှင် ကုသိုလ်ရှင်များ ၊ ဂေါပကအဖွဲ့များ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။

တပေါင်းလပြည့်နေ့တွင် ကျင်းပသော ပြင်ဦးလွင်မြို့၊ ဇိနမာရ်အောင် လွတ်လပ်ရေး အောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား) ၏ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ပြင်ဦးလွင်မြို့မှ စေတနာရှင် ကုသိုလ်ရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ စုစုပေါင်း (၇၀၀) ဦးခန့် လာရောက်ဖူးမြှော် ကုသိုလ်တော်ပါဝင်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ပြန်/ဆက်)