တပေါင်းလပြည့် ရုံးပိတ်ရက်/ကျောင်းပိတ်ရက် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် အပန်းဖြေ၊ ဆင်စီးသူ ခရီးသွား များပြား

ညောင်ဦး မတ် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ တပေါင်းလပြည့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွင် အပန်းဖြေခရီးလာရောက်လည်ပတ်သူများနှင့် ဆင်စီးကြသည့် ဧည့်သည်များ၊ ဆင်များ လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများလာခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စ ခန်းတာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅မိုင်ခန့်အကွာ၊ ညောင်ဦး -ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ် ထားရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာခရီးသွားပြည်သူများ ခရီးတစ်ထောက် လာရောက်အပန်းဖြေ နားနေရာတစ်ခုလည်းဖြစ်ကြောင်း၊ ပလင်းကမ်း သာယာဆင်စခန်းဝင်းအတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင် သစ်တောတို့ကို မြတ်နိုးတတ်စေရန် ဥယျာဉ်ငယ် ပြုလုပ်ဖန်းတီးပေးထားကြောင်း၊ ဆင်ပြတိုက်တွင်လည်း စုံလင်စွာ ပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေး ဆင်အများစု ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များ ထက်ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ်မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များ စောင့်ရှောက်ပုံ၊ ဆင်စွယ် အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့်ဆင့် နေအိမ်များကို ဆင်ပြတိုက်တွင် ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန် ဖြစ်ကြောင်းတို့ကို ခရီးသွား၊ အပန်းဖြေလာ ဆင်လေ့လာလိုသူများ သိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း၊ တပေါင်းလပြည့်ရုံးပိတ်ရက်များတွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူ များပြားခဲ့ပြီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်း လာဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့် စည်းကားခဲ့ပြီး ဆင်စခန်းများ လာရောက်လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များ ကိုယ်တိုင်ထိန်းသိမ်းဖို့ အင်အားဖြစ်စေကြောင်းလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လာရောက်ရင်း ပလင်းဆင်စခန်းသို့ လာရောက်လေ့လာခဲ့သည့် နတ်မောက်မြို့ ဘုန်းတော်ပြည့် ကျေးရွာ ဦးသန်းဝင်းစိုးက ရှင်းပြသည်။

 ဒီပါလင်း