ညောင်ဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မတ် ၅ ရက်၊ တပေါင်းလပြည့်နေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေကြောင်း တုရင်တောင်စွယ်တော်မြတ်စေတီ ဂေါပက အတွင်းရေးမှူး ဦးလှရွှေထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအနှံ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသည့်ဧည့်သည်များ၊ များပြားလျက်ရှိနေပြီး ရွှေစည်းခုံဘုရားကြီး ဧည့်မှတ်တမ်းများအရ ဘုရားဖူးဧည့်သည် ငါးသောင်း ကျော်ဝင်ရောက်ဖူးမြှော်ကြကြောင်း သိရသည်။ ပုဂံ-ညောင်ဦးရှေး ဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဂေါပကအဖွဲ့ထားရှိသည့် ရွှေစည်းခုံစေတီ၊ လောကနန္ဒာစေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ မြစေတီ၊ မနုဟာဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ပြဿကြီးဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မဟာဗောဓိဘုရား၊ ဓမ္မရာဇကဘုရား၊ ကန်တော့ပလ္လင်ဘုရား အစရှိသည့် သမိုင်းအထင်ကရ တန်ခိုးကြီးဘုရားများအပြင် ရင်မနားဘုရားဝင်း၊ ဥပါလိသိမ်၊ ခေမင်္ဂဘုရားဝင်း၊ စိမ်းညှက်ညီအမဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ ဝတ္တနထောဘုရား၊ ဆူးလေကုန်းဘုရားတို့တွင်လည်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြှော်ကြကြောင်း၊ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်ဖူးမြှော်ကြခြင်း၊ အီးဗိုက်စီး၍ အဖွဲ့လိုက်ဘုရားဖူးမြှော်ကြခြင်း၊ မြင်းလှည်းစီး၍ လှည့်လည်ဖူးမြှော်ကြခြင်းများ ရှိကြရာ ဒေသခံများလည်း တပေါင်းလပြည်နေ့တွင် ဝင်ငွေတွက်ခြေကိုက်ကြကြောင်း သိရပြီး တပေါင်းလပြည့်နေ့ အခါကြီးရက်ကြီးနေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားနေကြောင်း၊ ဂေါပကအဖွဲ့ထားရှိသည့် ဘုရားများအပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား ၊ ပုထိုး၊ စေတီ ၊ သာသနိက အဆောက်အအုံများတွင်လည်း ဘုရားဖူးများဖြင့် စည်ကားနေကြောင်း သိရပြီး စာသောက်ဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း