ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲ သံဃာတော်များအား ဆွမ်းသပိတ်လောင်းလှူ

ညောင်ဦး မတ်  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘုရားကြီးရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်ရေစက်ချတရားနှင့် ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရွှေဆံတော်ဘုရားကြီး ဩဝါဒစရိယ မြစည်းခုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇာတ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရွှေဆံတော်ဘုရားဂေါပကအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ လာရောက်သည့် ဧည့်ပရိတ်သတ်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရွှေဆံတော်ဘုရားကြီး ဩဝါဒစရိယ ဇေတဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်ချ အမျှပေးဝေကြသည်။ ပြီးနောက် ပင့်သံဃာအရှင်သူမြတ်များအား မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားကြသည့် ဆွမ်းသပိတ်လုံးများ လောင်လှူပူဇော်ကြကြောင်း သိရသည်။ရွှေဆံတော်စေတီတော်ကြီးသည် ဂေါပကဥက္ကဋ္ဌ ထားရှိသည့် ဘုရား(၁၉)ဆူတွင် ပါဝင်ပြီး ၊နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေဆံတော် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပင့်သံဃာတော် (၅၅)ပါး ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံး လောင်းလှူပူဇော်ခြင်းနှင့် ပရိတ်တရားတော်နာယူ၊ ရေစက်သွချ အမျှအတန်းပေးဝေခြင်းများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးကို အေဒီ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်း ကြီးတည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်း အထင်ကရဘုရားတစ်ဆူဖြစ်ကြောင်းလည်း သိရသည်။

ဒီပါလင်း