ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို ကောင်းစွာ အသုံးချတတ်စေရန်အတွက် ဖေဖော်ဝါရီ(၂၄)ရက်နေ့မှ မတ်(၅)ရက်နေ့အထိ (၁၀)ရက်အကြာ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီမင်းက အခြေခံပညာကျောင်းများတွင် ဘက်စုံထူးချွန်များဖြစ်စေရေး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာရပ်များ သင်ကြား ပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ချိန်များတွင် ပန်းချီပညာများ သင်ယူတတ်မြောက်ထားသဖြင့် ပို၍ထူးချွန်သူများ ဖြစ်လာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီပညာရှင် ကာတွန်းဖောင်းဖောင်းက ကျောက်ဆည်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး သင်တန်းများ အခမဲ့ သင်ကြားပေးလျက်ရှိရာ အခြေခံ ပန်းချီရေးဆွဲခြင်းသင်တန်း တစ်ခု အပါအဝင်ဖြစ်ပြီး ပန်းချီပညာများကို အခမဲ့ရရှိသဖြင့် ပညာကို ပေါ့ဆစွာ သဘောမထားစေရေးနှင့် ပညာများကို ဆက်လက်လေ့လာသင်ယူသွားကြစေလိုကြောင်း၊ ပန်းချီပညာသည် အခြေခံပညာရေး သင်ခန်းစာများအတွက် များစွာအထောက်အကူပြုသည်ကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းနှင့် ကျောင်းပြိုင်ပွဲများတွင်လည်း မိမိတို့တက်မြောက်ထားသည့် ပညာများဖြင့် ဆုများရရှိအောင် ပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီမင်းက သင်တန်းသား/သင်တန်းသူများအား ပန်းချီ သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ ကာတွန်းဖောင်းဖောင်းက အမှတ်တရ ပန်းချီကားများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပန်းချီပညာရှင်များအား အမှတ်တရ ဂုဏ်ပြုလက်ဆေင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရုပ်သေးပညာရှင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရုပ်သေးအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)