ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး မတ် ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးမှ သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်ပေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သာသနာဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သီလရှင်ဆရာမကြီးများအား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ အပ်နှင်းခြင်းဆောင်ရွက်ရာ မဟာဂန္တဝါစက ဘွဲ့ရဆရာတော်(၃)ပါးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆက်ကပ်လှူဒါန်းပေး၍လည်းကောင်း၊ မဟာသဒ္ဓမ္မဘွဲ့ရဆရာတော်များ၊ မဟာကမ္မဌာနာစရိယဘွဲ့ရ ဆရာတော်၊ ဂန္တဝါစကဘွဲ့ရဆရာတော်၊ သဒ္ဒမ္မဘွဲ့ရဆရာတော်များအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆက်ကပ်လှူဒါန်းပေးကြသည်။

ထို့နောက် မဟာသဒ္ဒမ္မဘွဲ့ရသီလရှင်ဆရာကြီးနှင့် ရဂန္တဝါစကဘွဲ့ရ သီလရှင်ဆရာကြီးတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နှင်းဝေက ဆက်ကပ်လှူဒါန်းပေး၍လည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရဘွဲ့နှင့် သုဓမ္မမဏိဇောတဓရဘွဲ့ရ လူပုဂ္ဂိုလ်(၂)ဦးတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘွဲ့တံဆိပ်တော်များချီးမြှင့်ပေးပြီး တောင်ကြီးမြို့ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှမ်းပိဋကတ်ကျောင်းတိုက် ပဓနာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော် ဘဒ္ဒန္တဝါယာမထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

၎င်းနောက် ဆရာတော်၊ သံဃာတော်နှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်တို့က ဆွမ်းဆန်စိမ်းလောင်းလှူပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)