ဘီးလင်းမြို့ ရှေးဟောင်းစကြာသီဟမဟာမုနိ ကြေးသွန်းရုပ်ပွါးတော်မြတ်ကြီး၏ (၁၅၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယနှင့် ဂန္ဓကုဋိတိုက်ပြဿဒ်ဘုံဆင့် ရွှေထီးတော်တင် မင်္ဂလာကျင်းပ

ဘီးလင်း မတ် ၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်တွင် တည်ထားကိုးကွယ်ထားရှိသော ရှေးဟောင်းစကြာသီဟမဟာမုနိ ကြေးသွန်းရုပ်ပွါးတော်မြတ်ကြီး၏ (၁၅၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယနှင့်ဂန္ဓကုဋိတိုက်ပြဿဒ်ဘုံဆင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ပညာသာမိ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက်  ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး အလှူရှင် ဒေါ်ဆန်းဒေးဖောမိသားစု၊ ဂေါပကဥက္ကဋ္ဌ ဦးလှကြည်နှင့်အဖွဲ့များက ဂန္ဓကုဋိတိုက်ပြဿဒ် ဘုံဆင့်ရွှေထီးတော်တင်လှူ ပူဇော်မည့်ရွှေထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများ လှူဒါန်းခြင်း  တို့ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ နံနက် ၈ နာရီအချိန်၌ ထီးတော်ဘုံအဆင့်ဆင့်ကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ရပ်နီးရပ်ဝေးမှ ၇ ရက်သားသမီး ဘုရား ဒါယိကာ၊ ဒါယိကာမများမှ စုပေါင်း၍ စေတီတော်အထက်သို့ မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြပြီး မင်္ဂလာ ရွှေမိုး၊ ငွေမိုးများရွာသွန်းကာ ထီးတင်ပွဲသို့ လာရောက်​ကြသော ဧည့်ပရိသတ်များအား စတုဒီသာ ထမင်း၊ ဟင်းများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်၊ဆက်)