မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၂၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ

ပြင်ဦးလွင် မတ် ၅

ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)ရှိ ရေငယ်ကျေးရွာအနီး ဓမ္မရတိကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် (၂၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းတော် ကြီးလောင်းလှူပွဲကို တပေါင်းလပြည့်နေ့ ယနေ့နံနက် ၇ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော်၊ အရှင်သူမြတ်တို့မှ မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရားကြီးအား အနေကဇာတင်ခြင်း၊ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခြင်း၊ မြို့လယ်ရွှေစည်းခုံ ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပါဏ္ဏိတဘဒ္ဒန္တအာစိဏ္ဏထံမှ (၉)ပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ရတနာမာန်အောင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇဘဒ္ဒတကဝိန္ဒထံမှရေစက်ချအနုမောဒနာ တရားနာယူကြည်ညိုကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသါသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် သံဃာတော်များကို ဆွမ်းသပိတ်နှင့်လှူဖွယ်ပစ္စည်း ဒါဒဗ္ဗဝတ္ထုအစုစုတို့ကို စေတနာရှင် ကုသိုလ်ရှင်များ၊ ဘုရားကြီးဂေါပကအဖွဲ့နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းပူဇော်ခဲ့ကြပြီး ဧည့်သည်တော်များအား မဟာဇေယျသိဒ္ဓိသာသနာ့ ဗိမာန်တော်ပထမထပ်၌ ကျွေးမွေးဧည့်ခံ ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)