နောင်ချိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

နောင်ချို  မတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့ထားသည့်အတွက် မိမိတို့ တာဝန်ယူရမည့် လုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြံပြုပြောကြားစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက စာမေးပွဲဖြေဆိုမည့် နေ့ရက်နှင့် ဘာသာရပ်များအား အသိပေးပြောကြားခြင်း၊ စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ အပြင်လုံခြုံရေး၊ စာမေးပွဲကာလအတွင်း ရေအခက်အခဲမရှိစေရေးနှင့် လျှပ်စစ်မီးလင်းရေး စသည့်လိုအပ်သည့် ကိစ္စရပ်များကို တင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကြက်ခြေနီအသင်းခွဲနှင့် သက်ဆိုင်ရာ ရပ်ကွက်များမှ တာဝန်ရှိသူများက မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းများအလိုက်  လစ်ဟင်းမှုမရှိစေရေး  တာဝန်ယူဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းနှင့် နောင်ချိုမြို့နယ်တွင် စာစစ်ဌာန(၁)ခုဖြင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၁၄)ဦးရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)