ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ပွဲနှင့် ကျောက်လုံးတော်ကြီးအားလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ကျိုက်ထို မတ် ၅

ကျိုက်ထိုမြို့နယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ ယနေ့ နံနက် ၅ နာရီခွဲတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ပွဲနှင့် ကျောက်လုံးတော်ကြီး အားလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။

ရှေးဦးစွာဆရာ‌တော် သံဃာတော်များအား ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ကြသည်။

ယင်းနောက် ဩဝါဒဆရာတော်ကြီးများက စေတီတော်မြတ်ကြီးအား ရေသပ္ပါယ်၍ အမွှေးနံ့သာများ ပက်ဖျန်းကာ ရောင်တော် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရောင်တော်ဖွင့်ပွဲနှင့် လုံးတော်ပြည့်‌ရွှေသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များမှ နမောတဿ (၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မွန်ပြည်နယ် သံဃနာယကဥက္ကဌ ဘဒ္ဒန္တသာသန အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ဆံတော်ရှင်ကျိုက်ထီးရိုး‌စေတီတော်ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှမှ‌ ရောင်တော်ဖွင့်ပွဲနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားကာ ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တအာစရ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်နာကြားကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်