ကျန်းမာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် COVID-19 Temporary Camp ဖွင့်လှစ်ထား

မန္တလေး၊ စက်တင်ဘာ ၃၀

ကျန်းမာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး) တွင် COVID -19 Temporary Camp ဖွင့်လှစ်ပေးထားသည်။

"မန္တလေးဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံ စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ကျန်း မာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအနေနဲ့ မိမိတို့နေထိုင်ရာနေရာတွေဆီပြန်ရန် အခက်အခဲရှိပါက ဆေးတက္ကသိုလ်(မန္တလေး)၊ ဧရာဝတီစာသင်ဆောင်တွင် ခေတ္တတည်းခိုနေထိုင်ရန် အတွက် COVID-19 Temporary Camp ကို ဖွင့်လှစ်ပေးထားပါတယ်၊ ခုတင်၊ မွေ့ရာ၊ စောင်၊ ခြင်ထောင်ကအစ အသုံးအဆောင်ပစ္စည်းတွေသာမက အစားအစာမျိုးစုံလည်း စီစဉ်ပေးထားပါတယ်"ဟု ဆေးတက္က သိုလ် (မန္တလေး)ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ပြောသည်။

ဆေးတက္ကသိုလ်(မန္တလေး)အနေဖြင့် လက်တလောတွင် အဆောင်နေရန်အခက်ခဲဖြစ်နေသော မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများအတွက် ဆေးတက္ကသိုလ် (မန္တလေး) ရှိ ဧရာဝတီစာသင်ဆောင်တွင် Camp ဖွင့်ပြီးခေတ္တထားရှိသွားမည်ဖြစ်ကြောင်း၊ Campရှိ စားသောက်ခန်းများတွင် Ready Made Food များကို အသင့်စားနိုင်ရန် စီစဉ်ပေးထားကြောင်း၊ တည်းခိုနေထိုင်သူများအနေဖြင့် COVID Camp စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး လက်ရှိတွင် ၅ဝ ဦးစာနေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မောင်လွင်ထံမှ သိရသည်။

ထိပ်ထားနိုင်