မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်၌ ကျင်းပသည့် (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်

သထုံ  မတ်  ၅

မွန်ပြည်နယ်အဆင့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသူ/သားများ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား သဘာပတိအဖွဲ့ဝင် ဦးခွန်မောင်သောင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းတိုင်းရင်းသားများ၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို နက်နက်ရှိုင်းရှိုင်း မြတ်နိုးခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ခြင်းကြောင့် ယင်းအစဉ်အလာကို မျိုးဆက်သစ် လူငယ်မောင်မယ်များအား လက်ဆင့်ကမ်းအမွေ စနစ်တကျ ပေးအပ်နိုင်ရေး အလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှသည် အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်လျှောက်လှမ်းရာတွင် ပြည်နယ်၏အကျိုး၊ ပြည်ထောင်စုအကျိုးတို့ကို အခြားသော တိုင်းရင်းသားများနှင့်အတူ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေဟု ဆု‌တောင်းမေတ္တာပို့သပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ‌ပေးပို့သည့် ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာအား မွန်ပြည်နယ်တိုင်းရင်သားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ဖတ်ကြားကာ နောင်ကုလားကျေးရွာ ဒေသခံတစ်ဦးက ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကြီးချုပ်က ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း(၁၂၀) အား ပေးအပ်ရာ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)