မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

မူဆယ် မတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့အဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေပြေးကားကွင်းသွားလမ်း၊ လမ်းမကြီး တစ်လျှောက်တွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင်အပါး (၁၃၀၀)အား  မူဆယ်မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းပွဲတွင် နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့၊လွယ်တိန်ခမ်း တောင်အောက်ရှိ ဓမ္မဗလဝိဟာရကျောင်းတိုက်၌ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့များမှ ကြွရောက်လာသော ရပ်ဝေးသံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

နေ့လည် ၁ နာရီအချိန်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊မြို့အဝင်မီးပွိုင့်အနီး ကွင်းပြင်တွင် မူဆယ်မြို့နယ်၏ (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်သွန်းချတရားနာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင်များ၊ရမခ စစ်ဦးစီးဗိုလ်ချုပ်မှူးကြီး ဇော်မင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များမှ ဦးဆောင်၍ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၊မူဆယ်မြို့ ၊ လွယ်တိန်ခမ်းကျောင်းဆရာတော်ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာ ကမ္မဌာနစရိယ)ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ၁ နာရီ ၄၅ မိနစ် အချိန်တွင်  သံဃာတော်၊သီလရှင်အပါး(၁၃၀၀)အတွက် တစ်ပါးလျှင်ငွေသား(၂၁၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းလှူဒါန်းငွေ (၂၇၃၀၀၀၀၀၀)ကျပ်နှင့် အခြားလှူဖွယ် ဝတ္ထုပစ္စည်းများ၊ စတုဒိသာကျွေးမွေးခြင်းအတွက် (၁၅၀၀၀၀၀၀) ကျပ် လှူဒါန်းနိုင်ခဲ့ပါကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)