လွိုင်လင်မြို့ အနန္တဇိနလောကချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲ ကျင်းပ

လွိုင်လင်  မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ လွိုင်ဆိုင်တောင်၊ မဟာထူပါရုံတောရကျောင်း၊ အောင်တော်မူ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲကို ၁၃၈၄ ခုနှစ် ၊ တပေါင်းလပြည့်နေ့ ယမန်နေ့ နံနက်(၈)နာရီက ကျင်းပသည်။

အခမ်းအနား ပထမပိုင်း အစီအစဉ်အရ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်းဖွင့်လှစ်ပြီးနောက် ဌာပနာသွင်းလှူမည့် ဌာပနာတော် ပစ္စည်းများကို အလှူရှင် မိသားစုများနှင့် သီးခြားအလှူရှင်များက အစီအစဉ်အတိုင်း ပင့်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ် သုံးကြိမ်လှည့်လည် ပူဇော်ကြသည်။ ဆက်လက်၍ စေတီတော်အထက်တွင် ဆရာတော် ၊သံဃာတော်များနှင့် အလှူရှင်များက ဌာပနာ သွင်းလှူကြပြီး ဆရာတော်များမှ အောင်ဂါထာ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနား ပထမပိုင်း အစီအစဉ်ကို ရပ်နားလိုက်သည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဓမ္မဓဇဓမ္မာရုံတော်ကြီးတွင် သတ်မှတ်အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အနန္တဇိနလောကချမ်းသာစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၆၉.၅ ပေ၊ စေတီတော်လုံးပတ် ၆၉.၅ ပေ ၊ ရင်ပြင်အကျယ် ၁၀၀ ပေ ပတ်လည်နှင့် အတွင်းလိုဏ်ဂူ  ပါရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)