မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲစည်ကား

မိုးညှင်း မတ်  ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားကြီး၌ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ယနေ့ (တပေါင်းလပြည့်နေ့) တွင် ဘုရားရင်ပြင်ပေါ်၌ စည်ကားများ ပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွမ်းတော်ကြီးကပ်လှူကြရာတွင် ဘုရားအမှူးရှိသော ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်သံဃာတော် (၁၈၀)ပါး၊ သီလရှင်အပါး(၉၀) စုစုပေါင်း အပါး(၂၇၀)ကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အင်းတော်ကြီး အိုင်ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စု (၁၄)စု၊ ကျေးရွာပေါင်း (၄၆)ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက ဆွမ်းဆန်‌တော်နှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းကြကြောင်း သိရသည်။

ထို့နောက် အလှူရှင်များနှင့် ဘုရားဖူးပြည်သူများကလည်း ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများထွန်းညှိ ကပ်လှူပူဇော်ခြင်း ဘုရားရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထု‌အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးအစာကျွေးခြင်းနှင့် ရှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့မှ ရိုးရာအကများ ကပြဖျော်ဖြေကြခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်ကို ယခုနှစ်တွင် ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိသော်လည်း နှစ်စဉ်ရိုးရာ အစဉ်အလာမပျက်  ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ယနေ့ (တပေါင်းလပြည့်နေ့) တွင် ကျင်းပ‌လျက်ရှိပြီး ဘုရားပွဲတော်ကြီးကို ယခင်က ပြည်နယ်နှင့်ခရိုင်တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိကြပြီး ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအကပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာအားကစား ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း ဘုရားပွဲသည် ဆွေဘုရား၊ မျိုးဘုရားဖြစ်ပြီး ဘာသာမရွေး၊ လူမျိုးမရွေး ပါဝင်ဆင်နွှဲကြသော ပွဲတော်ကြီးဖြစ်၍ ဒေသခံပြည်သူတို့၏ တစ်နှစ်တာကာလ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ကိုလည်း ဆေးကြောလန်းဆန်း စေသည့်အနေဖြင့် ကျင်းပလေ့ရှိသော ပွဲတော်ကြီးဖြစ်ကြောင်း ဘုရားသမိုင်း မှတ်တမ်းများအရ သိရသည်။

ရွှေမိုးညှင်း