မက်မန်းမြိုနယ်တွင် အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သား (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မက်မန်း မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မွေးမြူထားသော တိရစ္ဆာန်များအား ကျန်းမာရေးပြုစု စောင့်ရှောက်နိုင်ရေးအတွက် အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း(၁/၂၀၂၃)ကို မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် တိရစ္ဆာန်အကူလုပ်သားများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ကုသမှုအပြင် မွေးမြူရာတွင် အကူအညီများ လိုအပ်ပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများလည်း လိုအပ်ပါကြောင်း၊ တိရစ္ဆာန်ကုသမှုပညာရပ်ကို ထိရောက်စွာ သင်ယူသင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းရာတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာများအရောက်ကုသရေးများ ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အားနည်းပါး ကြောင်း၊ ကျေးရွာများရှိ မွေးမြူရေးဆောင်ရွက်ကြသူများအနေဖြင့် မိမိတို့၏ တိရစ္ဆာန်များကို ပြုစုရာတွင် ကုသရေးသင်တန်းများကို တက်ရောက်ထားပါက ကုသမှုများကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းရောက်ကြသော သင်တန်းသား/သူများ သင်ကြားရာတွင် အထောက်အကူဖြစ်စေရေးအတွက် ရှေ့ပြေးကွင်းဆင်း အဖွဲ့ခေါင်းဆောင် တွဲဖက်ပြည်နယ်မှူး ဒေါက်တာမျိုးနိုင်က သင်ထောက်ကူဘာသာ ရပ်ဆိုင်ရာ စာအုပ်များကို ပေးအပ်ရာ သင်တန်းဆရာ ဒေါက်တာ သန်းထိုက်ဇော်နှင့် ဒေါက်တာ သိန်းသန်းဝင်းတို့က လက်ခံရယူကြသည်။

အဆိုပါ သင်တန်းအား မတ်လ ၅ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့ထိ (၇)ရက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေးရွာများမှ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (၁၀)ဦး တက်ရောက်ခြင်းဖြစ်သည်။ အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားများကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ မောင်ဝင်းထံမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)