ပင်းတယ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုတ်ပွားတော်များနှင့် စေတီပုထိုးတော်များအား ဘုရားအနေကဇာတင်လှူတော်မူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုတ်ပွားတော်များနှင့် စေတီပုထိုးတော်များအား အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ပင်းတယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စန္ဒောဘာသနှင့် ဆရာတော်များက ရွတ်ဆိုအနေကဇာတင်တော်မူသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ်သံဃနာယက ဆရာတော်နှင့် သံဃာတော်များအား ရှိခိုးကန်တော့ကြ၍ ငါးပါးသီလခံယူ
ဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဦးစီးဥက္ကဋ္ဌမှ ဦးဆောင်၍ အများပြည်သူထည့်ဝင်လှူဒါန်းမှုဖြင့် ဘုရားတောင်ရှိ တည်ထားကိုးကွယ်ထားသော ဂြိုလ်ရှစ်လုံး ဘုရားရှစ်ဆူတို့အား ထီးတော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ဘုရားထီးတော်များ တင်လှူခဲ့ကြကြောင်းနှင့် ယနေ့တပေါင်းလပြည့်နေ့တွင် ပင်းတယမြို့နယ်၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)