မော်လမြိုင်မြို့ ကော့ခမယ်ကျေးရွာတွင် ရွာလုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ခံ

မော်လမြိုင် မတ် ၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့ခမယ် ကျေးရွာမှာဆိုရင် နှစ်စဉ်ဘုရားပွဲတော်တွေကို ရိုးရာအစဉ် အလာမပျက် ကျင်းပပြုလုပ်လျက်ရှိရာ အဲဒီအထဲမှာမှ တပေါင်းလပြည့်နေ့ မရောက်မီ အဖိတ် နေ့မှာဆိုရင် ရွာလုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ခံပွဲကို မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းက ကော့ခမယ်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ခံရာတွင် သာဿနာ့ အလံကိုင် လူငယ်မောင်မယ်များ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ၊ ဘုရားရုပ်ပွားတော် ပင့်ဆောင်လာသူများ၊ ဆွမ်းအုပ်ကိုင်ဆောင်သူ လှပျိုဖြူများနှင့် အကအလှ ဖျော်ဖြေသူများဖြင့် ကော့ခမယ်ကျေးရွာမှ ရိုးဂိုးဘုရားလမ်းတစ်လျှောက်  အပူ‌ဇော်ခံ လှည့်လည်ပွဲကို စည်ကားသိုက် မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။

တပေါင်းလပြည့်နေ့ နံနက်ပိုင်းမှာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဘုရားအနေကဇာတင်ခြင်း စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေးကြလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်အိမ်နဲ့တစ်အိမ်၊ တစ်ရွာနဲ့တစ်ရွာ အသိမိတ်ဆွေ တိုးပွားလာစေဖို့နဲ့ အမြဲတမ်းမိတ်ဆွေ ဖြစ်စေကြဖို့အတွက် ရည်ရွယ်ပြုလုပ်ကြတဲ့ ချစ်စရာ မွန်ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း လူမျိုးတစ်ခုချင်းစီမှာ သူ့နဲ့  သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေက ရှိကြစမြဲပါ အဲဒါတွေက အဲဒီလူမျိုးစုရဲ့ သမိုင်းပါပဲ ခေတ်ကာလအခြေအနေ တွေဘယ်လိုပင် ပြောင်းလဲနေပါစေ ရှေးဘိုးဘွား အစဉ် အဆက်က ထိန်းသိမ်းလာခဲ့ကြတဲ့ တန်ဖိုးထားစရာ၊ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ တစ်ခုက ပျောက်ကွယ်မသွားဖို့ ယနေ့ခေတ် လူငယ်တွေအား လက်ဆင့်ကမ်းအမွေအဖြစ် ပေးအပ်တဲ့ ပွဲလေးတစ်ခုဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)