လှည်းကူးကူးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

လှည်းကူး မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး နိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်ဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပညာပေးနှိုးဆော်ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးပါ၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့်ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည့် အချက်တို့အားအသိပညာပေး နှိုးဆော်ကြကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)