မိုင်းရှူးမြို့၌ မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခြင်း ဆောင်ရွက်

မိုင်းရှူး  မတ်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့ည‌နေပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခဲ့သည်။

ထိုသို့ လှည့်လည်ဆော်သြခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များ၊ ဈေးဆိုင်များအား မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာ အမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိပဲ လောင်စာဆီ သိုလှောင်ခြင်း ရောင်းချခြင်း မပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်မီးကတ်၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင် အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျ စွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)