သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှုများ လိုအပ်ချက်မရှိစေရေး စစ်ဆေးဆောင်ရွက်

သာစည် မတ် ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှု လိုအပ်ချက်မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်း၏ကြီးကြပ်မှုဖြင့် ဒုဦးစီးဦးစည်သူအောင်နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စာစစ်ဌာနများ၌ မီးသတ်ဆေးဘူးထားရှိမှုများ၊ မီးချိတ်မီးကတ်၊ ရေ၊ သဲ၊ လှေကား ဆောင်ရွက်ထားမှုများ၊ ရေကန်များ၌ ရေဖြည့်ထားရန်နှင့် ပေါက်ပြဲနေသောဝါယာကြိုးများ အသုံးမပြုရန်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များမရှိစေရန်  စာစစ်ဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ယနေ့နံနက်ပိုင်းတွင်  စာစစ်ဌာနအနီးပတ်ဝန်းကျင်ရှိ နေအိမ်များကိုလည်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ် တက်ဆင်း လိုက်လံစစ်ဆေးပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း  မီးကိုဂရုတစိုက်ဖြင့် အသုံးပြုကြရန်နှင့်မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ထားကြ ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။                      

သာစည်မြို့နယ်တွင် စာစစ်ဌာန ၃ ခုရှိကာ သာစည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ် ဌာနနှင့် ညောင်ရမ်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့ဖြစ်ပြီး  စုစုပေါင်း ကျောင်းသား/သူ ၈၂၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။      

မြို့နယ်ပြန်/ဆက်