ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ မတ် ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမောင်စံဝင်းက မြို့နယ်၏ဒေသဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့မိ၊ မြို့ဖများက ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဆွေးနွေးပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ် အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်နိုင်ရန် အတွက်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီးဦးစားပေး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန် အခြေခံကောင်းများ များစွာ ရှိပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုကြိုးစား လုပ်ကိုင်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြလိုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ် ဖွံ့ဖြိုးတို့းတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီး၌ နေကြာပန်း ကဏန်းမွေးမြူရေးကုမ္ပဏီလီမိတက်မှ ကဏန်းပျော့မွေးမြူ ထုတ်လုပ်နေပုံများကို သွားရောက်ကြည့်ရှု အားပေးကြရာ ကုမ္ပဏီတာဝန်ခံက မွေးမြူရေးကန်အတွင်း ကဏန်းများမွေးမြူထားရှိမှု ကဏန်းပျော့များ မွေးမြူထုတ်လုပ်နေမှု၊ ကုန်ချောပြုပြင်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြ သည်။ အလားတူ ကုမ္ပဏီတာဝန်ခံက ဒေသခံများအား အလုပ်ခန့်ထားနိုင်မှုနှင့် ကုန်ချောများပိုမို ထုတ်လုပ်နိုင်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ တံတားအထူး အဖွဲ့(၇)မှ၊ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ မင်းချောင်းတံတား(၂၀၀၃)ပေအား အကြီးစား ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)