ငါန်းဇွန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ငါန်းဇွန် မတ် ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက မြိုန့ယ်အတွင်းရှိ စာစစ်ဌာန (၂)ခုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန(၂)ခုဖြစ်သည့် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်းနှင့် ဂျိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင်စာမေးပွဲခန်းများ ပြင်ဆင်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာမအား လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများမှာ ငါန်းဇွန်မြို့အ.ထ.ကစာစစ်ဌာန၌ (၂၁၄)ဦးနှင့် ဂျိုကျေးရွာ အ.ထ.က စာစစ်ဌာန၌ (၅၁)ဦး စုစုပေါင်း (၂၆၅)ဦး ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။        သက်နောင်ဦး(ငါန်းဇွန်)