မန္တလေးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ် (၃) မြို့နယ်တွင် ဝင်ထွက်သွားလာခြင်းများအား စိစစ်ဆောင်ရွက်

မန္တလေး၊ စက်တင်ဘာ ၃၀

 မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်များရှိ ပြည်သူများအား မိမိနေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်သတ်မှတ်ထားရာ မလိုအပ်ဘဲ ဝင်/ထွက်သွားလာခြင်းများမပြုရန် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာမြို့နယ်များတွင် စိစစ်ဆောင် ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

 Stay at Home သတ်မှတ်ထားသည့် အဆိုပါ မြို့နယ်များတွင်နေထိုင်သူများအတွက် ဈေးဝယ်ရန် အဖြူရောင် ဝင်/ထွက်ခွင့်ကတ်နှင့် ကျန်းမာရေးကိစ္စအတွက် အနီရောင်ဝင်/ထွက်ခွင့်ကတ်များကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်း ထုတ်ပေးလျက်ရှိသည်။

မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်ဖြစ်ပြီး ဈေးဝယ်ထွက်ရာတွင် ယာဉ် မောင်းတစ်ဦးနှင့်ဈေးဝယ်တစ်ဦးသာခွင့်ပြုထားကြောင်း၊ လက်လီဈေးဝယ်သူများအနေဖြင့် မိမိမြို့နယ်ရှိဈေး များတွင်သာ ဈေးဝယ်ရန်ဖြစ်ပြီး အခြားမြို့နယ်များမှ လာရောက်ဝယ်ယူခြင်းကို ခွင့်မပြုထားကြောင်း၊ ကျန်းမာ ရေးကိစ္စအတွက် ဆေးရုံ၊ ဆေးခန်းသွားရန်လိုအပ်ပါက ယာဉ်မောင်းအပါအဝင် ၃ ဦးသာ သွားရောက်ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါမြို့နယ် ၃ မြို့နယ်အတွင်း မော်တော်ယာဉ်များဖြတ်သန်းမောင်းနှင်ရာတွင် မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တွင် အရှေ့အနောက်လမ်းများတွင် ၂၆ ဘီလမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်းနှင့် တောင်-မြောက်လမ်းများတွင် ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်း၊ အရှေ့မြို့ပတ်လမ်းတို့ကိုလည်းကောင်း၊ အမရပူရမြို့နယ်တွင် ကမ်းနားလမ်း၊ စစ်ကိုင်း-မြစ်ငယ်လမ်း၊ ကွမ်းသီးတန်းလမ်းမှ တောင်သမန်ကန်ပတ်လမ်းအထိ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ထုံးဘို-မြစ်ငယ်လမ်း၊ ၆၂ လမ်းတို့ကို ဖြတ်သန်းမောင်းနှင်ခွင့်ပေးထားပြီး မြို့နယ်များအတွင်း ရပ်နားခြင်းနှင့် အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်းတို့အား ခွင့်ပြုထားခြင်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

ထိပ်ထားနိုင်