ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာလေးခု တို့တွင် Quarantine ဝင်ရောက်နေကြသူများအတွက် အဟာရထမင်း တစ်နေ့တာအလှူ ငွေပေးအပ်လှူဒါန်းခြင်း နှင့် Quarantine Centre အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော စေတ နာဝန်ထမ်း (၁၅)ဦးတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရွာသစ်ကျေးရွာ၊ အ.လ.က(ခွဲ)အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ပေး အပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ထန်းတပင်မြို့နယ်အတွင်းရှိ Community Base Quarantine Centre လေးခုတို့တွင် Quarantine ဝင်ရောက်နေကြသူများနှင့် စေတနာဝန်ထမ်းများအတွက် အဟာရထမင်းတစ်နေ့တာ အလှူငွေကျပ် (၄၅ဝဝဝဝ)လေးသိန်းခွဲကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ကော်မတီအဖွဲ့ဝင်များထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး Quarantine Centre အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် စေတနာ့ဝန်ထမ်း (၁၅)ဦးတို့ အတွက် တစ်ဦးလျှင် အလှူငွေကျပ်(၁)သောင်းနှုန်းစီကို Quarantine Centre အသီးသီးမှတာဝန်ရှိသူများ ထံသို့ပေးအပ်လှူဒါန်း ခဲ့ကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ် သည့်အနေဖြင့် ကိုဗစ်-၁၉ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များ အား အ.ထ.က (ထန်းတပင်)၊ အ.ထ.က(ခွဲ)ရိုးခွ၊ အ.လ.က(ခွဲ)ရွာသစ်၊ အ.ထ.က(ခွဲ)အုတ်ဖို စင်တာ လေးခုနှင့်မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင် သီးခြားထားကာ အသွားအလာကန့်သတ်မှုများကို ဆောင်ရွက် ထားရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)