မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းအခမ်းအနားကျင်းပ

မိတ္ထီလာ မတ် ၃

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက  မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၃၀၀၀၀ကို စိုက်ပျိုးသွား မည်ဖြစ်ရာ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၂၀၀ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းသို့ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရခြင်းမှာ တောင်သူများ သွင်းအားစုထည့်သွင်းခြင်းအားဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်လာစေရန်၊ စျေးနှုန်းနှင့်စျေးကွက်သေချာခြင်းကြောင့် တောင်သူများ ဝင်ငွေ တိုးခြင်းဖြင့် နိုင်ငံစီးပွားတိုးတက်မြှင့်မားလာခြင်း၊ စီးမံကိန်းမှာပါဝင်သည့် အစုအဖွဲ့ဝင်အားလုံး အမြတ်ရရှိ စေရေး၊ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုတိုးတက်ရရှိစေရေး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပစျေးကွက်ကို ပိုမိုချိတ်ဆက်လာစေရေးနှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးတစ်ဧကလျှင် ကျပ် နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုကိုလည်းကောင်း ထောက်ပံ့ပေးမည်ဖြစ်ရာ အဆိုပါထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုဖိုးနှင့် ညီမျှသောသီးနှံကို ကာလပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန် သီးနှံကို တောင်သူစိတ်တိုင်းကျ ရောင်းချနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် 3Gကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နေခြည်သွေးတို့က ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။ ၎င်းနောက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် ချေးငွေ သဘောတူစာချုပ်ကို  ချုပ်ဆိုခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူ များက တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများ၊ 3G ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နေခြည်သွေးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)