မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

မိုးညှင်း       မတ်    ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာတမ်းဖတ်ပွဲတွင် မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက်  မိုးညှင်းဒေသရှိ ရှမ်းနီရိုးရာပွဲတော်များ၊ မိုးညှင်းဒေသရှိ ပန်းဒကာယဉ်ကျေး မှုများ၊ ချည်ထည်များဆေးဆိုးရန်အတွက် ပိုးစာသီးမှ သဘာဝဆိုးဆေးများ ထုတ်လုပ်ခြင်း၊ မိုးညှင်းတက္ကသိုလ်အတွင်းရှိ လိပ်ပြာမျိုးစိတ်များ၏ ပေါကြွယ်ဝမှုများ၊ ကချင်ပြည်နယ်အတွင်းရှိ မျိုးသုဉ်းရန်အန္တရာယ်ရှိပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်သော သစ်ခွမျိုးစိတ် များပါဝင်သည့် စာတမ်းခေါင်းစဉ်များနှင့် အခြားသောစာတမ်းခေါင်းစဉ် စုစုပေါင်း (၁၈)ခုကို  ဘာသာရပ်အသီးသီးမှ ဆရာဆရာမများက ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာဆရာများက ဖတ်ကြားခဲ့သည့် စာတမ်းများနှင့်ပတ်သက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာဆရာ မများက အသီးသီးသုံးသပ်ဆွေးနွေးကြရာ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ စာတမ်း ဖတ်ကြားသည့် ဆရာဆရာမများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မိုးညှင်းတက္ကသိုလ်တွင် ပြုလုပ်သည့် ယင်းစာတမ်းဖတ်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဌာနမှ တာဝန်ရှိသူများ၊ သုတေသန စာတမ်းဖတ်ကြားကြသည့် ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရွှေမိုးညှင်း