ကျိုက်ထို မတ် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်