မင်္ဂလာဒုံမြို့နယ် Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ လာရောက် သိမ်းဆည်း

မင်္ဂလာဒုံ စက်တင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေ ရေး ကြိုတင်ကာကွယ်သည့်အနေဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ စောင့်ကြည့်လူနာများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centre များမှ ထွက်ရှိသော အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အမှိုက်ကားဖြင့် လာရောက်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရာတွင် စည်ပင်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Mask များ စနစ်တကျဝတ်ဆင်၍ ဆောင်ရွက်လျက်ရှိပြီး အမှိုက်များအား ဆေးရုံ၊ ဆေးခန်း သုံး အမှိုက်သိမ်းယာဉ်ဖြင့် လှည့်လည်သိမ်းဆည်းပြီး မင်္ဂလာဒုံမြို့နယ်ရှိ Quarantine Centre များမှ တစ်နေ့သိမ်းဆည်းရသည့်အမှိုက်တန်ချိန် တစ်တန်ကျော်ရှိကြောင်းနှင့် အမှိုက်များကို လှော်ကားကန် ဘေးရှိ အမှိုက်မီးရှို့စက်ရုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)