တကောင်း မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစ၍ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ မေးခွန်းနှင့်အဖြေလွှာများ၏ လုံခြုံရေး၊ဖြေဆိုစဉ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ယာယီဆေးခန်းဖွင့်လှစ်မှု ဆောင်ရွက်ပေးနိုင်ရေး၊ နယ်ကျောင်းများလာရောက်ဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူများ တည်းခိုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ စာမေးပွဲတွင် ကြီးကြပ်မည့် ဆရာ၊ဆရာမများ၏လုံခြုံရေးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက်ဖြေဆိုမည့် အချိန် ဇယား၊ ဖြေဆိုခွင့်ကတ်ပြားများတစ်ပါးတည်းယူဆောင်လာရေးတို့ကို တာဝန်ရှိ ဆရာ/ဆရာမများက ကြီးကြပ်ရေး၊ ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်စေရန်အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်မကျစေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တကောင်းနယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းက စာမေးပွဲအပြင်စည်းတွင် လုံခြုံရေးချထားနိုင်ရေးအစီအစဉ်များကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်မြို့ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သည့် လုံခြုံရေးအဖွဲ့များအား အသီးသီးတာဝန်ချထားပေးခဲ့ရာ မြို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော် ဆောင်အဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြချက်များအပေါ် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်မှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်၊ နယ်မြေလုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးကျော်မိုးအောင်၊ နယ်မြေစခန်းမှူးရဲအုပ်အောင်ကိုဝင်း၊ မြို့ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သီရိ ( ပြန်/ဆက်)