ညောင်ရွှေ မတ် ၃
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမား မျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာ ယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားရက် အခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းအသီးသီးတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့စိတ်ပါဝင်စားရာ အားကစားနည်းအလိုက် ရွေးချယ်စာရင်းပေးသွင်းခဲ့ကြပြီး ရှမ်းပြည်နယ်တိုက်ကွမ်တို အဖွဲ့ချုပ်မှ သရုပ်ပြကစားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနွေရာသီး အခြေခံအားကစားသင်တန်းများတွင် တိုက်ကွမ်တိုသင်တန်းကို မိုးလုံလေလုံအားကစားကွင်း၌လည်းကောင်း၊ အေရိုးဗစ်သင်တန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ စစ်တုရင်သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌လည်းကောင်း၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်သင်တန်းများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသီးသီးဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ