ပေါင် မတ် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ဌာန၏ရည်ရွယ်ချက်နှင့် အဓိကရည်မှန်းချက်တာဝန်များ၊ တိရိစ္ဆာန်များ၌ ဖြစ်တတ်သည့်ရောဂါများနှင့် အန္တရာယ်များ၊ တိရိစ္ဆာန်များအား နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျ ဂရုစိုက်မွေးမြူကြရမည့်အချက်များ၊ ကာကွယ်ဆေးများကို သတ်မှတ်ချိန်အတိုင်း ထိုးနှံပေးခြင်းဖြင့် အိမ်မွေးတိရိစ္ဆာန်များ ရောဂါမျိုးစုံကွယ်နိုင်ရေးနှင့်ခွေးရူးရောဂါအပြင် အခြားမလိုလားအပ်သည့် တိရိစ္ဆာန်ရောဂါများကို စနစ်တကျကာကွယ်ခြင်းဖြင့် ပတ်ဝန်းကျင် ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြရေး စသည့် မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ သိကောင်းစရာတို့ကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြု ဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)