အမ်း မတ် ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မတ်လ ၁ ရက် နေ့လယ်ပိုင်းက အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ခရိုင်ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုကြိုးစား လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ အမ်းဒေသသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရေခံမြေခံကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိမိတို့ဒေသ၌မွေးမြူရေး အစားအစာများ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ အမ်းမြို့သည့် ရခိုင်ပြည်နယ်၏ တံခါးပေါက်ဖြစ်သည့်အပြင် အချက်အချာကျသည့် မြို့ဖြစ်သောကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသဝမ်းစာ ဖူလုံရုံနှင့် ရပ်တန့်မနေဘဲ ပို့လျှံ၍ နိုင်ငံခြားတင်ပို့နိုင်မှ လယ်သမားများ၏ ဝင်ငွေပိုရရှိမည်ဖြစ်၍ မျိုးစေ့နည်းပညာများ ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် ကြိုးစား ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ဝန်ထမ်းများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှု၊ ပဲပဒုံစုပေါင်းစစ်ဆေးရေးဂိတ် ဆောင်ရွက်နေမှုအခြေအနေ၊ ပဲပဒုံတံတား တည်ဆောက်နေမှု လုပ်ငန်းခွင်၊ စျေးတောင်ရပ်ကွက်ရှိ ဒေသဖွံ့ဖြိုးရေးရုံး ပြန်လည်ပြုပြင်နေမှု၊ လေယာဉ်ကွင်းရပ်ကွက်ရှိ စုပေါင်းရုံးဟောင်းအားပြန်လည် ပြုပြင်နေမှု တို့အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)