ပေါက်တောမြို့နယ်၌ သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

ပေါက်တော  မတ် ၃

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ရေရှည်တည့်တံ့သောစိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူဖြစ်စေရန် သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့မတောင်သူပညာပေးစခန်း၌ ဖွင့်လှစ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး အောင်သန်းဌေးက သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိဒေါ်နီနီဝင်း နှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်အဝိုင်းချေတို့က သက်ဆိုင်ရာသဘာရပ်အလိုက် ပို့ချဆွေးနွေးကြသည်။ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် သဘာဝမြေဩဇာ ပြုလုပ်ခြင်း၊Super EMဆိုကာရှိ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သင်ကြားပို့ချ ဆွေးနွေးကြသည်။အဆိုပါသင်တန်းသို့ ပေါက်တောမြို့နယ်အတွင်းရှိ  စိုင်းတုတ်ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊တောင်ညိုကျေးရွာများမှ ဒေသခံတောင်သူ (၅၀)ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်များတက်ရောက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)