ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်သော ကြီးကြပ်မှုကော်မတီများ၊ အသေးစား၊ အငယ်စား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မိုးကောင်း မတ် ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်သည် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သော မြို့နယ်/ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် မိုးကောင်း မြို့တော်ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ အဖွင့်အမှာစကား ပြောကြားပြီး မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သော လုပ်ငန်းများ၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှုနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို power point ဖြင့် ရှင်းလင်း ပြောကြားသည်။

“မိုးကောင်းမြို့နယ်ရဲ့ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လမ်း၊ နောက်ပြီးတော့ အသေးစား အငယ်စားလုပ်ငန်းတွေကို လာကြည့်ရင်း အရေးတကြီး ဘာရှိသေးလဲဆိုတာ လာကြည့်တာ ဖြစ်ပါတယ်၊ လုပ်နေတဲ့လုပ်ငန်းတွေကော အခြေအနေကောင်းသလား၊ မကောင်းဘူးလား။ ဘာကူညီပေးရမလဲ၊ နောက်နှစ် ဘယ်လောက်ထပ်စိုက်မလဲ။ တစ်ဧကစိုက်ရင်အကျိုး ဘယ်လောက် ရှိလဲ။ အဲဒါတွေကို အောက်ခြေအထိဆင်းကြည့်တာဖြစ်ပါတယ်၊ မိုးကောင်းမြို့နယ်ရဲ့စီးပွားရေး အသေးစား၊ အလတ်စားထုတ်လုပ်တဲ့ ဟာတွေပံ့ပိုးလက်တွဲပြီး တိုးတက်အောင်လုပ်ဖို့ဆို့တဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်က အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ မိုးညှင်းခရိုင်နှင့် မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်မြို့မိမြို့ဖများ တက်ရောက်ပြီး ခင်းကျင်းပြသ ထားသည့် အိမ်တွင်းမှု ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)