မော်လမြိုင် မတ် ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာမညအာကစားကွင်း ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။
အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရမည အားကစားကွင်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား ပြည်နယ်၀န်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက အမွှေးနံသာရည်များ ပက်ဖြန်းခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်(၁၀)မြို့နယ် အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ အားကစားကို အစွမ်းကုန်ထူးကဲစွာ အားပေးချီးမြှောက်နေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏စွမ်းပကား အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့အနိုင်ရရှိရေးကို အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ယခုပြိုင်ပွဲတွင် ပြည်နယ်ဂုဏ်ဆောင် နိုင်ငံဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ အ.ထ.က(၈)ဘင်ခရာ ပန်းပွားကျောင်းသူလေးများ၏ သရုပ်ပြ ဖျော်ဖြေခြင်း၊ မွန်ရိုးရာအကအလှ၊ မြန်မာ့သိုင်း၊ Physical Fitness Dance အကများဖြင့် သရုပ်ပြ ဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက်မီတာ(၁၀၀)နှင့် မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)