ရန်ကုန် မတ် ၃
မိခင်နှင့်ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန်(ပေါင်) ချိန်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ မွေးစမှအသက်(၂) လ၊ (၄) လ၊ (၆) လ၊ (၉)လနှင့် တစ်နှစ်ခွဲ အရွယ်ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးများ၏အရွယ်အလိုက် သတ်မှတ်အကြိမ်များကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုကာကွယ်ဆေးများလည်း အစက်ချတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ(ပြန် /ဆက်)