နမ့်စန်(တ) မတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပမည့် အမှတ်(၃)ရပ်ကွက်ရှိ ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူဘုရားနှင့် အနီးပတ်ဝန်းကျင်တို့၌ ယနေ့နံနက် ၈ နာရီက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ဘုရားဝန်းအတွင်းအပြင်နှင့် အနီးပတ်ဝန်းကျင်တို့ရှိ အမှိုက်၊ ပေါင်းမြက်များရှင်းလင်း ကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်နှင့်ရင်ပြင်တော်အား ရေသပ္ပါယ်ခြင်း၊ ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း စသည်တို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာနေရာများသို့ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)