နောင်တရား မတ် ၃
တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက် ၁၁ နာရီတွင် စတင်ကျင်းပသည်။
ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလျက်ရှိပြီး နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယနေ့အထိ (၄) ကြိမ်မြောက်အဖြစ် ပအိုဝ်းအမျိုးသားနေ့ကို စတင်ကျင်းပလျက်ရှိသည်။ ကွင်းဖွင့်ပွဲကို ပအိုဝ်းသွီသီချင်းဖြင့် စတင်ခဲ့ပြီး နှစ်ထည့်သွင်းကျင်း ပမြဲဖြစ်သည့် ပအိုဝ်းရိုးရာအကပဒေသာပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။
အဆိုပါကွင်းဖွင့်ပွဲနေ့တွင် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပအိုဝ်းသွီးအသင်းနှင့် တက်သစ်စဆည်ခေါင်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့) ပအိုဝ်းအမျိုးသားနေ့တွင် နံနက်ပိုင်း၌ နိုင်ငံတော်အလံနှင့် ပအိုဝ်း အမျိုး သားအလံတင်အခမ်းအနားပြုလုပ်ခြင်း၊ ပဒေသာပင်များ စီတန်းလှည့်လည်ခြင်း၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခြင်း၊ မွန်းလွဲပိုင်တွင် ဓမ္မာစရိယနှင့် အကြီးတန်းစာအောင်သံဃာတော်များကို ဆုတံဆိပ်ကပ်လှူခြင်း၊ ဘုရားအမူပြုသော သံဃာတော်များထံမှ ငါးပါသီလနှင့် နိဗ္ဗာရောက်ကြောင်းတရားတော်များကို အတူတကွနာယူကြမည်ဖြစ်သည်။
အဆိုပါပအိုဝ်းအမျိုးသားနေ့ကို ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၄) အုပ်စုမှ ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းပါဝင်ကြပြီး ပအိုဝ်းအမျိုးသားနေ့ကို မတ်လ ၃ က်နေ့မှ မတ်လ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်အချိန်ကို နံနက် (၆)နာရီမှ မွန်းလွဲ (၆)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)