မိုင်းယန်း မတ် ၃
နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကိုမြှင့်တင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ မတ် ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များကို တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းလွေကျေးရွာနှင့် ယန်းခိုင်ကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၄)ဦးနှင့် အဘွား(၅)ဦးတို့အား ၂၀၂၂-၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီကို လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ မိုင်းလွေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးခဲ့သည်။
မိုင်းယန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၈)ဦးရှိကြောင်း လူမူဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)