ဝိုင်းမော်မြို့နယ်၌ ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ်တစ်မျိုးသားလုံး၏ မုဒ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲ ကျင်းပ

ဝိုင်းမော် မတ် ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာတွင်ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ် တစ်မျိုးသားလုံး၏ မုဒ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲနှင့် လာချိဒ်လူမျိုးများ၏ ကျုံးဇွမ်မနောပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လာချိဒ်တစ်မျိုးသားလုံး၏ မနောဝင်းမုဒ်ဦးကို Father ဇုတ်ဒေါ့ဇုန်းဒိန်(ဖားကန့်)က ဆုတောင်းပေးပြီး လာချိဒ်တစ်မျိုးသားလုံး၏ မနောဝင်းမုဒ်ဦး၊ ကျုံးယွမ်အိမ်တော်နှင့် လုံဇိန်မိုး ခန်းမဆောင်တို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သံယံဇာတရေးရာဝန်ကြီး ဦးမန်ရှန်တိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဇောင်ဦး ဇခုန်ယိန်းဆောင် (ပန်ဝါ)နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်ဦးဇခုန်တိန့်ယိန်းက အမှာစကားပြောကြားပြီး လာချိဒ် စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းကို အုန်ဘိဒ်ဖို့ (Oung: Big Phoo) ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ လာချိဒ်လူမျိုးများ၏ ကျုံးဇွမ်မနောပွဲတော်ကြီးကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညပိုင်းအစီအစဥ်များကို စင်တင်‌တေးဂီတနှင့် ရိုးရာအကများဖြင့် ဖျော်ဖြေကျင်းပပြုလုပ်သွားမည် ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)