တန့်ယန်း စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း နှစ်ခု၌ စနစ်တကျ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်နေ့ညက တန့်ယန်းမြို့နယ်အတွင်းသို့ အခြားနေရာဒေသများမှ လာရောက်ကြသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် တာဝန်ရှိသူများက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ပို့ဆောင်ကာ မော်တော်ကားများ၊ အသုံးအဆောင်ပစ္စည်းများအား ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ နှာခေါင်းစည်း Mask၊ Face Shield နှင့် လက်အိတ်များ အသစ်ဖြန့်ဝေပေးခြင်း၊ နေရာချထားပေးခြင်းနှင့် စားသောက်ရေး အဆင်ပြေစေရန် ခေါက်ဆွဲခြောက်ထုတ်များ၊ အချိုရည်များ၊ ရေသန့်ဘူးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)