မန္တလေး၊ စက်တင်ဘာ ၃၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပမည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဖြေဆိုကြမည့် ဆုထူးပန်အဘိဓမ္မာသင်တန်းသားများအနေဖြင့် စာမေးပွဲဝင်ခွင့်အဆိုပြုလွှာများကို ယနေ့နံနက်ပိုင်းမှစတင်၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေအသင်း(မန္တလေး)ထံမှ သိရသည်။
ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်း(မန္တလေး)မှ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနနှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ စာမေးပွဲဖြေဆိုမည့် ဝင်ခွင့်အဆိုပြုလွှာများကို အချိန်မီတင်ပြဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဆုထူးပန်အဘိဓမ္မာသင်တန်းမှ စာမေးပွဲဖြေဆိုကြမည့်သင်တန်းသားများနှင့် အောင်မြေသာစံမြိုနယ် စာဖြေဌာနတွင် ဖြေဆိုလိုသော ပြင်ပအလွတ်ဖြေဆိုကြမည့်သူများအားလုံးက စာမေးပွဲဝင်ခွင့် အဆိုပြုလွှာများကို အောက်တိုဘာ ၂၀ ရက်နေ့နောက်ဆုံးထား၍ ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်း(မန္တလေး)မှ အတွင်းရေးမှူး ဒေါက်တာခင်စန်းရီထံသို့ ဆက်သွယ်ပေးပို့ကြရမည် ဖြစ်သည်။
အဆိုပါစာမေးပွဲကို ဒီဇင်ဘာလတွင်ကျင်းပရန် လျာထားသတ်မှတ်ထားပြီး အပြောင်းအလဲရှိပါက ထပ်မံအသိ ပေးအကြောင်းကြားသွားမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း (မန္တလေး) ၏ နာယက ဦးလှဘော် (ဖုန်း-09771993277) ၊ ဥက္ကဋ္ဌ ဦးအောင်သန်းမြင့် (ဖုန်း-092007572)နှင့် အတွင်းရေးမှူး ဒေါက်တာခင်စန်းရီ (ဖုန်း-09663074644) တို့ထံ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)