ဟိုပုံး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW)ကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ နယ်လှည့် လုပ်ငန်း၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းနှင့် ဓာတ်ပုံပြသခြင်း လုပ်ငန်းများဖြင့် ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုလိုကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ (Stay at Home) ကာလမှာ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်းလုပ်ငန်းများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် Online မှ တစ်ဆင့်တင်ဆက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဟိုပုံးမြို့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်သန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်များကို မဖြစ်မနေ ဆောင်းကြရန်၊ မော်တော်ယာဉ်မောင်းနှင်နေစဉ်အတွင်း တယ်လီဖုန်းပြောဆိုခြင်းမပြုရန်၊ မူးယစ်သေစာ သောက်စားမောင်းနှင်ခြင်းမပြုရန်၊ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုလျော့နည်းစေရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းများကို ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဟိုပုံးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟိုပုံးမြို့မ ရဲစခန်းတို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Online မှ တစ်ဆင့်အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)