ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ရောဂါကြိုတင်ကာကွယ် ရေးသုံးပစ္စည်း(PPE)နှင့် နှာခေါင်းစည်း (Mask)များ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများတွင် အလှူရှင်တစ်ဦးနှင့် မြို့မပရဟိတ လူငယ်အဖွဲ့များက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် PPE Full Set (၃)စုံ၊ PPE Level-2 (၁၀)စုံ၊ နှာခေါင်းစည်းအခု(၅ဝဝ)၊ ရေသန့်ကတ်(၆)လုံးပါ (၁၀)ကတ်၊ လက်သန့်ဆေးရည်(Hand Sanitizer)(၁၀၀ML)ဘူး (၂၀)၊ မျက်နှာအကာအခု (၂၀)နှင့် အချိုရည်(၆)လုံးပါ (၂)ကတ်တို့ကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်အောင်နှင့် တာဝန်ရှိသူများထံသို့ အလှူရှင် ဦးအေးနိုင် (ကျော်-ဓာတ် မြေသြဇာနှင့်စက်သုံးဆီ ရောင်းဝယ်ရေး)နှင့် မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် အလှူရှင်နှင့် မြို့မပရဟိတလူငယ်အဖွဲ့များက အ.ထ.က (ထန်းတပင်)၊ အ.ထ.က(ခွဲ) ရိုးခွ၊ အ.လ.က(ခွဲ)ရွာသစ်နှင့် အ.ထ.က(ခွဲ)အုတ်ဖို စင်တာများသို့ သွားရောက်ကာ စင်တာများတွင် ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာတစ်ခုလျှင် PPE Full Set (၃)စုံ၊ PPE Level-2 (၁၀)စုံ၊ နှာခေါင်းစည်းအခု(၅ဝဝ)၊ ရေသန့်ကတ်(၆)လုံးပါ (၁၀)ကတ်၊ လက်သန့် ဆေးရည် (Hand Sanitizer) (၁၀၀ML) ဘူး(၂၀)၊ မျက်နှာအကာအခု(၂၀)၊ အချိုရည်၊ လက်အိတ်၊ ခေါင်းစွပ်များနှင့် ခေါက်ဆွဲခြောက်ဘူးတို့ကို စင်တာများမှ တာဝန်ရှိသူများထံ သို့ ပေးအပ်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)